Skip to main content

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ

ဆရာတော်ကြီးများလှူဒါန်းငွေဖြင့် ဆောက်လုပ်သည့် ဂန့်ဂေါမြို့နယ် ကန်ရွာနှင့် ဘော်ပြင်းရွာ မြစ်သာမြစ်ကူး လူကူးကြိုးတံတားပြီးစီး

မြစ်သာမြစ်ကူး လူကူးကြိုးတံတားပြီးစီး
ဂန့်ဂေါ မေ ၁၄
ယောဆရာတော် တိပိဋကဓရ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ၏ မတည်လှူဒါန်းငွေဖြင့် ဂန့်ဂေါမြို့နယ် ကန်ရွာနှင့် ဘော်ပြင်းရွာ မြစ်သာမြစ်ကူး တိပိဋကဓရမေတ္တာ အမှတ် (၃) လူကူးကြိုးတံတားမှာ မေ ဒုတိယပတ်တွင် ပြီးစီး ပြီဖြစ်၍ ပြည်သူများဖြတ်ကူး သွားလာနေကြပြီဖြစ်ကြောင်း သိရသည်။
“ ကြိုးတံတားကို ယောဆရာတော် လှူဒါန်းငွေ ကျပ်သိန်း ၆၀၀ ကို မတည်ဆောက်လုပ်ခဲ့တာ ပါ၊ တံတားဆောက်လုပ်ဆဲကာလမှာ ယောဆရာတော်က ဒုတိယအကြိမ် လှူဒါန်းငွေ ကျပ် သိန်း ၅၀၀ နဲ့ ဂန့်ဂေါမြို့နယ် ကျောက်ဂူရေကြည်စမ်းတောရဆရာတော် ဘဒ္ဒန္တ ဣန္ဒာစရိယ က လှူဒါန်းငွေ ကျပ်သိန်း ၁၀၀၀ ကို လှူဒါန်းပါတယ်၊ တံတားကို ပြီးခဲ့တဲ့ နှစ်က စတင်ဆောက်လုပ်ခဲ့ရာမှာ အခုနှစ် မေ ဒုတိယပတ်အတွင်းမှာ ပြီးစီးပါတယ် ၊ တိပိဋကဓရ ယောဆရာတော်က မတည်လှူဒါန်းမှုနဲ့ လက်ပန်ရွာနှင့် မောက်ရွာကူး တိပိဋကဓရမေတ္တာ ကြိုးတံတားအမှတ် (၁)၊ မြင်းဇာရွာနဲ့ မောက်လင်းရွာကူး တိပိဋကဓရမေတ္တာ ကြိုးတံတား အမှတ် (၂) တို့ကိုလဲ ဆောက်လုပ်ခဲ့ပါတယ် ” ဟု ဒေသခံပြည်သူတစ်ဦးကပြောသည်။
မြစ်သာမြစ်ကူး လူကူးကြိုးတံတားပြီးစီး
တံတားအရှည်မှာ ပေ ၉၄၀ ရှိ၍ အကျယ်မှာ ၆ ပေရှိကာ သစ်သားခင်း လူကူးကြိုးတံတားဖြစ်သည်။ တံတားဆောက်လုပ်ပြီးစီးပြီဖြစ်သည့်အတွက် ကန်နှင့် ဘော်ပြင်းကျေးရွာတို့သာမက ကျွန်းခုံသာ၊ ကန်သာ၊ ရေရှင်မ၊ မွှေ့လယ်၊ ရှဉ်းရှည်၊ တောင်ယာပြင်၊ မောက်၊ ရွှေတောင်၊ မောက်လင်း၊ ထယ်လှော် စသည့်ကျေးရွာနေ ပြည်သူများ သွားလာမှုလွယ်ကူသွားသည့်အပြင် အဆိုပါကျေးရွာများ၏ လူမှုရေး၊ စီးပွါးရေး၊ ပညာရေးလုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။